ဒဂုံတောင် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်အများစုတွင် သစ်ပင်သစ်ကိုင်းကျိုးကျခြင်း၊ သစ်ပင်လဲခြင်းများကို လမ်းပိတ်ဆို့မှုမရှိစေရေးနှင့် ထိခိုက်မှု မရှိစေရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ လိုက်လံဖယ်ရှား ရှင်းလင်းပေးပြီး လဲကျနေသော ဓာတ်တိုင်များ၊ သစ်ပင်သစ်ကိုင်းများကိုလည်း ဆက်လက်ရှင်းလင်း ဖယ်ရှားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ထိုသို့ဖယ်ရှားရှင်းလင်းရာတွင် အမှတ်(၂၅)ရပ်ကွက် မြိတ်လမ်းမပေါ်တွင် သစ်ပင်များ ကျိုးကျခြင်း၊ လျှပ်စစ်ဓာတ်တိုင်ကျိုးကျခြင်းများ ဖြဈ်ပါ်ပြီး ကျိုးကျသော လျှပ်စစ်ဓာတ်တိုင် တစ်တိုင်သည် အနီးတွင်ရပ်ထားသည့် Toyota Corolla Cross မော်တော်ယာဉ်ပေါ်သို့ ကျရောက်ရာ ယာဉ်မောင်းဖြစ်သူ အထွေထွေရောဂါကုဆရာဝန်တစ်ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိပြီး ပင်လုံဆေးရုံသို့ ချက်ချင်းပို့ဆောင်ပေးခြင်း၊ ကျိုးကျသည့် သစ်ပင်၊ သစ်ကိုင်းများနှင့် ဓာတ်တိုင် များကြောင့် မြိတ်လမ်းမပေါ်တွင် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်း၊ ၅၃ ရပ်ကွက် ပုလဲငွေရောင်လမ်းရှိ လုံးပတ်(၆)ပေ၊ အရှည်(၃၀)ပေခန့်ရှိ ကုက္ကိုပင်လဲကျနေခြင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး တို့၏ အနီးကပ်ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပါဝင်သော ရှာဖွေကယ်ဆယ်ရေး အဖွဲ့များက ရှာဖွေကူညီဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
နေမျိုးအောင်(ပြန်/ဆက်)