နောင်ချို ဇူလိုင် ၂၁
ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသိန်းက ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဋ္ဌေးက “ရာသီဥတုပြောင်းလဲ မှုနှင့်လိုက်လျောညီထွေနေထိုင်ခြင်း” ခေါင်းစဉ်ဖြင့် ရာသီဥတုပြောင်းလဲခြင်း၏ သဘာဝအကြောင်းအရင်းဖြစ်စဉ်များ၊ လူသားများကြောင့်ပြောင်းလဲမှုများ၊ ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေသော ဓာတ်ငွေ့(၆)မျိုး၊ ရာသီဥတုပြောင်းလဲမှု၏ဘေးအန္တရာယ်များ၊ နောက်ဆက်တွဲဆိုးကျိုးသက်ရောက်မှုများ၊ ရင်ဆိုင်ဖြေရှင်းရမည်နည်းလမ်းများစသည်တို့ကို အသိပညာပေး ဟောပြော ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်