ကျောက်ပန်းတောင်း ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ဥပဒေရုံးမှ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့်၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံသားတိုင်း ဥပဒေအသိပညာရရှိရေး၊ ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိရေးတို့ကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ဥပဒေရေးရာဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက်၊ ဥပဒေ အသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်ပွဲကို ဇူလိုင် ၂၁ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းမှ ရရှိမည့် ဥပဒေဆိုင်ရာ အသိပညာ ဘာသာရပ်များကို အခြေခံ၍ မိမိတို့အုပ်ချုပ်မှု လုပ်ငန်းဆောင်တာများတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပိုမိုထိရောက်အောင်မြင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက် ၍ မြို့နယ်ဥပဒေ အရာရှိ ဦးတိုးအောင်ဝေက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက် သည်။ သင်တန်းဖွင့်ပွဲ အပြီးတွင် မြို့နယ်ဥပဒေ အရာရှိက ဥပဒေဘာသာရပ်များကို ဆက်လက်၍ သင်တန်းပို့ချ မျှဝေခဲ့သည်။ သင်တန်းဖွင့်လှစ်ပေးခြင်းဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် ဥပဒေ အသိပညာများ ရရှိစေပြီး၊ အုပ်ချုပ်ရေး စွမ်းရည်များ ပိုမိုမြင့်မားလာနိုင်မည်ဖြစ်ကြောင်းနှင့် ဥပဒေနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြခြင်းဖြင့် ဒေသခံပြည်သူများ၏ ယုံကြည်မှုကို ပိုမိုရရှိစေနိုင်ပြီး၊ ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် အဂတိလိုက်စားမှုများကို တားဆီးနိုင်မည်ဖြစ်ပြီး၊ ဥပဒေအသိပညာများကို ဒေသခံပြည်သူများအား ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဥပဒေအရာရှိ ဦးတိုးအောင်ဝေက ပြောသည်။
သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်အတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဥပဒေ အရာရှိနှင့်ဝန်ထမ်းများ၊ မြို့ပေါ် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သင်တန်းသားအုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၆၅ ဦးတက်ရောက်ကြောင်း သိရပြီး သင်တန်းကာလမှာ (၂၁-၇-၂၀၂၆)ရက်နေ့မှ (၂၅-၇-၂၀၂၆) ရက်နေ့ အထိ ၅ ရက်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)