ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ၌ အိမ်ခြံဝင်း စိုက်ပျိုးရေး မျိုးစေ့များ ပေးအပ်၊ စိုက်နည်းစနစ်များနှင့် အကျိုးကျေးဇူးများ ဆွေးနွေး

ဒက္ခိဏသီရိ ဇူလိုင် ၂၁

ပြည်သူများ အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် မိသားစုအသုံးစရိတ်‌လျော့ချရန်ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဆည်စုကျေးရွာ၌ အိမ်ခြံဝင်း (Home Gardening) စိုက်ပျိုးရန် ဟင်းသီးဟင်းရွက် မျိုးစေ့များပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးနည်းစနစ်များ၊ အကျိုးကျေးဇူးများ အသိပညာပေး ဆွေးနွေးပွဲကို ယမန်‌နေ့က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ခြံဝင်းအတွင်း မြေနေရာလွတ်များကို ထိရောက်စွာအသုံးချ၍ မိသားစုတစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်းဖြင့် ဓာတုကင်းလွတ်သော ဘေးအန္တရာယ်ကင်း ဟင်းသီးဟင်းရွက်များကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ မိသားစုနေ့စဉ် စားသောက်စရိတ်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်သည့်အပြင်ပိုလျှံပါက မိသားစုအပိုဝင်ငွေ ရရှိနိုင်မည်ဖြစ်ကြောင်းပြောကြားပြီး စိုက်ပျိုးရေးနည်းလမ်းများနှင့် အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဆည်စုကျေးရွာရှိ ဒေသခံတောင်သူများနှင့် အိမ်ရှင်မများထံ သီးနှံမျိုးစုံပါဝင်သော ဟင်းသီးဟင်းရွက် မျိုးစေ့ထုပ်များကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် ကျေးရွာပြည်သူများ၏ စိုက်ပျိုးရေးဆိုင်ရာမေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)