မြစ်သား ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ မူးယစ်ဆေးဝါးပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ဇူလိုင် ၂၁ ရက် မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကလေးအလုပ်သမားဆိုသည်မှာ ဥပဒေကခွင့်ပြုထားသော အသက်အရွယ်ထက်ငယ်ရွယ်ခြင်း၊ ဥပဒေပါကလေးအလုပ်သမားဆိုင်ရာ အသက်အရွယ် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမား ဖြစ်ရခြင်းအကြောင်းအရင်းများ၊ ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ ကလေးများကို အန္တရာယ်ရှိစေနိုင်သည့်အလုပ်၊ ပြင်းထန်ပြီးထိခိုက်ဒဏ်ရာရစေသည့်အလုပ်၊ ဖိစီးမှုများသည့်အလုပ်၊ ပင်ပန်းကြီးစွာ လုပ်ရသောအလုပ်များကို ခိုင်းစေမှုမပြုရကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကလေးအလုပ်သမား လျော့နည်းစေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)