ဟိုပုံးမြို့၌ စိုက်ပျိုးရေးသွင်းအားစု အရောင်းဆိုင်များအား မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဥပဒေ/ နည်းဥပဒေဆိုင်ရာများ ပညာပေးဆွေးနွေး

ဟိုပုံး     ဇန်နဝါရီ     5

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးသွင်းအားစု ရောင်းချသူ များအား မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး ဥပဒေ၊ နည်းဥပဒေများ၊ တားမြစ်ချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာ စေရန်အတွက် ပညာပေးဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ် အတွင်းစိုက်ပျိုးရေး သွင်းအားစုများ ရောင်းချခွင့် လိုင်စင်ရှိပြီးသား ဆိုင်ပေါင်း(18)ဆိုင်ရှိရာ ဒေသခံတောင်သူများ အနေဖြင့် ယင်းဆိုင်များတွင်သာ စိုက်ပျိုးရေး သွင်းအားစုများ ဝယ်ယူကြသည်ဖြစ်၍ အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ပြည့်မီသော မြေဩဇာများကို တောင်သူများသုံးစွဲနိုင်ရန်၊ သင့်လျော်သော မြေဩဇာကို သုံးစွဲခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ကို အသုံးပြု၍ စိုက်ပျိုး ထုတ်လုပ်ခြင်းဖြင့် မြို့နယ်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန်၊ ဓာတုပိုးသတ်ဆေးများဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းစေရန်နှင့် စနစ်တကျ သိုလှောင်ထားရှိစေရန်၊ ဆက်လက်အသုံးပြုရန်မသင့်သော ဓာတု ဆေးများနှင့် ခွင့်ပြုချက်မရှိသော မြေဩဇာ၊ မျိုးစေ့၊ ဓါတုဆေးများ တောင်သူများထံသို့ ရောင်းချခြင်း မပြုစေရန်အတွက် ရည်ရွယ်၍ ဆွေးနွေးပွဲ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းမှ ပြောကြားခဲ့ကြောင်း သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)