တုံတာ ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေများ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခန့်က ရပ်ကွက်(၁) ရှမ်းဘုန်းကြီးကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တုံတာမြို့အုပ်ချုပ်ရေးမှူး ဦးဆလိုင်းတင့်နိုင်ဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ကျေးရွာတာဝန်ခံတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ၊ အခြေခံရမည့် အိမ်ထောင်စုစာရင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပုံ အဆင့်ဆင့်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)