ရန်ကုန် ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန်နှင့် ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ လူစည်ကားရာ နေရာများသို့ သွားရောက်ကာ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းခွဲနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပြီး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်အတွင်း၌ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ လမ်းများ၊ လူစည်ကားရာနေရာများ၊ ကားဂိတ်၊ ဈေးများသို့ သွားရောက်၍ အင်းစိန်မြို့နယ်၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ကြက်ခြေနီအသင်းခွဲနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်း (၄၂၀၀)ကို ပြည်သူများ လက်ဝယ်အရောက် ဝေငှခဲ့ရာ နေအိမ်ပြင်ပသို့ သွားလာနေသူများကို နှာခေါင်းစည်း မပါရှိလျှင် အခမဲ့ နှာခေါင်းစည်း တပ်ဆင်ပေးခြင်းနှင့် အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Hand Speaker ဖြင့် အသိပညာပေးရာတွင် နှာခေါင်းစည်း Mask များ ကို မေးစေ့တွင် မချိတ်ပဲ နှာခေါင်းနှင့် ပါးစပ်များတွင် စနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေကြရန်၊ လက်များကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးကြောကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကြရန် စသည်တို့ကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
“ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးကို ရည်ရွယ်ပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်၊ ကျွန်မတို့ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်ကွက်ပေါင်း(၂၁) ရပ်ကွက်ကို တစ်ရပ်ကွက်လျှင် နှာခေါင်းစည်း(၂၀၀)နှုန်းနဲ့ (၄၂၀၀)ခုကို ဝေငှ သွားမှာ ဖြစ်ပါတယ်၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင် နှာခေါင်းစည်းများကို အခမဲ့ဝေငှသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဉက္ကဋ္ဌ ဒေါ်နုယဉ်ဝင်းက ပြောသည်။
ဇွဲထက်ကို (ပြန်/ဆက်)