ပြင်ဦးလွင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြင်ဦးလွင်မြို့၊ အင်းယားကျေးရွာအုပ်စု၊ ကြီးကိုင်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြီးကိုင်ကျေးရွာ၊ အင်းယားကျေးရွာနှင့် အင်းထိပ်ဦးကျေးရွာမှ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င် ဦးလင်းအောင်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးမှ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ပါ၀င်ဆွေးနွေးမည့် ပုဂ္ဂိုလ်များဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦး၀င်းဇော်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ ခရိုင်မြေစာရင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်၀င်းကျော်၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မင်းမင်းမြင့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမင်းမင်းသိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၀င်းတို့မှ ပြည်သူ့စကားဝိုင်းနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည် ။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ မိမိတို့ကျေးရွာတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကိစ္စရပ်များ၊ အခြေခံပညာမူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ တိုးမြှင့်ပေးရေးနှင့် အင်းထိပ်ဦးကျေးရွာသည် ဒေသအခေါ် အင်းပုတ်ကျေးရွာဖြစ်နေသဖြင့် အင်းထိပ်ဦးအမည်တွင်ရေး၊ ဒေသခံပြည်သူများမှလည်း မိမိတို့ကျေးရွာတွင် လိုအပ်သည့် ကဏ္ဍများအလိုက် မေးမြန်းဆွေးနွေးမှုများအပေါ် သက်ဆိုင်ရာတာ၀န်ရှိသူများက အသေးစိတ်ရှင်းလင်းပြန်လည်ဖြေကြားခဲ့ပြီး ပြည်သူ့စကားဝိုင်းကို နေ့လယ် ၁၂ နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
သွေးသွေး (ပြန်/ဆက်)