ဘီးလင်းမြို့ အ.ထ.က (ခွဲ) (နှင်းပုလဲ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က (ခွဲ) (နှင်းပုလဲ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (ခွဲ) (နှင်းပုလဲ) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကို ကျင်းပရာ အ.ထ.က (ခွဲ) (နှင်းပုလဲ) ကျောင်း Grade – 11 မှ မမြတ်သဇင်အောင်၊ Grade – 10 မှ မသဲသဲထွေး၊ Grade – 9 မှ မောင်အောင်သူငြိမ်းနှင့် မအေးပွင့်ဖူး၊ Grade 8 မှ မောင်ရဲရင့်သူနှင့် မချိုချိုလှိုင်တို့က ”လူငယ်နှင့်အခွင့်အရေး”၊ ခေါင်းဆောင်မှုရဲ့အရေးပါမှု”၊ “လူငယ်နှင့်ပညာ၊ “လူငယ်နှင့်ရွေးချယ်မှု”၊ “လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ ဆိုလိုရင်းနှင့် ၎င်းတို့၏ အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များ သုတ၊ ရသ၊ စာအုပ်များကို ပြသခဲ့ရာဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)