တွံတေးမြို့နယ် ရွှေဆံတော်ရပ်ကွက်တွင် ပြည်သူ့စကားဝိုင်း ကျင်းပ

တွံတေး ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ရွှေဆံတော်ရပ်ကွက်တွင် ပြည်သူ့ဘဝမြင့်မားဖို့ ဥပဒေအသိပညာပေးကြစို့ခေါင်းစဥ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်၁၀ နာရီက လောကမဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေဝင်းနှင့်ဒေါ်စုစုမင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဋ္ဌေးအောင်က “ပြည်သူ့စကားဝိုင်း” ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ “ပြည်သူ့စကားဝိုင်း” ဆွေးနွေးပွဲကိုကျင်းပရာ တွံတေးမြို့နယ် ရဲတပ်ဖွဲ့ တွံတေးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မျိုးနိုင်က မှုခင်းကျဆင်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ဥပဒေများအကြောင်း ဟောပြောပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ခင်ပြည့်ပြည့်ဦးမှ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးဥပဒေ၊ လူကုန်ကူးမှုဆိုင်ရာဥပဒေများ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်ကျော့ရှင်းဖြူက ကလေးအလုပ်သမားဥပဒေ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုဖြစ်ပွားရခြင်းတို့အား ပြည်သူနှင့်ဥပဒေ ထိတွေ့မှုများပြားစေရေး၊ ပြစ်မှုပြစ်ဒဏ်များ၊ ပြစ်မှုဆိုင်ရာများကို ပြည်သူများ ဥပဒေအကြောင်းအရာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါ ပြည်သူ့ဘဝမြင့်မားဖို့ ဥပဒေအသိပညာပေးကြစို့ ပြည်သူစကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နေ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)