မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို ယမန်နေ့က ဆပ်ပြာကျင်း ကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထိုက်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူး များနှင့် လုပ်ငန်းစဉ်များ၊ လိုက်နာရန် စီမံကိန်းလက်စွဲပါ ကော်မတီရွေးချယ်ရာတွင် စည်းကမ်း သတ်မှတ်ချက်များ၊ ကော်မတီဝင်များ၏ တာဝန်များနှင့် အကျုံးဝင်သော စီမံကိန်း လုပ်ငန်းများ အကြောင်းကို ရှင်းလင်း ပြောကြားသည်။
၎င်းနောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာတာဝန်ရှိသူများက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များမေးမြန်းရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကန်ကြီးကုန်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် ခုနှစ် ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်း ပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)