တောင်သာ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ မြေငလျင် လှုပ်ခတ်မှုများ ဖြစ်ပွားပေါ်ပေါက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန် ငလျင်ဆက်တိုက်လေ့ကျင့်သရုပ်ပြမှုအခမ်းအနားကို ဇူလိုင် ၁၇ ရက်၊ နံနက် ၉ နာရီက မင်းစု(အထက)ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တောင်သာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စွာနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝေနိုင်တို့မှ ငလျင်ဘေးနှင့် ရေဘေးအန္တရာယ်ဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက် များအား အသိပညာပေး ဟောပြောသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များမှ အသက်ကယ်ကြိုးအသုံးပြု၍ သရုပ်ပြသခြင်း၊ ငလျင်ဇာတ်တိုက်သရုပ်ပြသခြင်း၊ မီးသတ်ယာဉ်/မီးသတ်ဆေးဘူးများဖြင့် ဇာတ်တိုက် သရုပ်ပြသခြင်း၊ အထပ်မြင့်အဆောက်အဦ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေး သရုပ်ပြသခြင်း၊ ဆီသိုလှောင်ကန်ပေါက်ကွဲမှုအား မီးငြိမ်းသတ်သရုပ်ပြသခြင်း စသည်များ သရုပ်ပြသပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင် များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)