လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ ဗဟုသုတပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ် လူတော် လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ပုံပြင်ပြော ပြိုင်ပွဲများနှင့်ပြပွဲများကို ယနေ့ နေ့လယ်(၁)နာရီ၌ Community Center ခန်းမတွင်အခြေခံပညာကျောင်းများမှ ကျောင်းသား/သူလေးများဖြင့် ကျင်းပပြုလုပ်သည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်ကအဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာရခြင်းအကြောင်း ဟောပြောပြီး ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပုံပြင်ပြော ပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲတို့ကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူလေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်သောကျောင်း/ ကကျောင်းသူလေးများအား TDHL အဖွဲ့မှ အချိုရည်များနှင့်မုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြပြီး ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့်သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်းနှင့် ဘောလုံးပစ်ကစားခြင်းများကိုလည်း ပျော်ရွှင်စွာ ကစားလျက်ရှိကြောင်း သိရသည်။
ဟန်နီ (ပြန် / ဆက်)