လမ်းမတော်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်

လမ်းမတော် ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် (၁ဝ)နာရီအချိန်က အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လမ်းမတော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ကျောင်းသား/သူလေးများအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် အားလပ်သောအချိန်များတွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်စာစောင်များ ဖတ်ရှုကြရန်နှင့် စာဖတ်ခြင်းဖြင့် ရရှိလာနိုင်သော အကျိုး  ကျေးဇူးများအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး၊  ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသန္တာခင်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် မူလတန်းအဆင့်ကျောင်းသား/သူလေးများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး ဆုရရှိသည့်ကျောင်းသား/သူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ ကာယဗလဖွံ့ဖြိုးရေးအတွက် ဂိမ်းပြိုင်ပွဲများဖြစ်သည့်  ပူးပေါင်းသယ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲ၊ ခွက်ရွှေ့ပြိုင်ပွဲများ ဆက်လက် ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ များမှ  စိတ်ပါဝင်စားစွာ ပါဝင်ဆော့ကစားခဲ့ကြပြီး  ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။  ထို့နောက် ခန်းမအတွင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များကို ပြသခဲ့ကြရာ စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်