သထုံ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ သထုံခရိုင်မီးသတ်ဦးစီးမှူးရုံးမှ စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး (မွမ်းမံ)သင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သုဝဏ္ဏစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က သင်တန်း မှ ရရှိခဲ့သည့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို လက်တွေ့အသုံးချပြီး မိမိတို့၏ ရပ်ရွာအကျိုးနှင့် သဘာဝဘေးဖြစ်စဉ်များ၌ အများပြည်သူတို့၏ အသက်အိုးအိမ်စည်စိမ်တို့ကို စွမ်းစွမ်းတမံကာကွယ်ပေးကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားပြီး ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့ရှိ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦးတို့အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ဗဟိုမီးသတ်သင်တန်းကျောင်းတို့၌ ဖွင့်လှစ်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများ တက်ရောက်ပြီးစီးခဲ့သည့် နည်းပြများက ဇွန်လ ၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပြသပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်