ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဇူလိုင် ၁၇

ကျောင်းသားလူငယ်လေးများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန်အတွက် လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲကို ယနေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းဝင်းက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးမောင်မောင်က အာဇာနည်နေ့အကြောင်းသိကောင်းစရာများကို ​ဟောပြောခဲ့ပြီး ကျွမ်းကျင်-၂(ဓာတ်ပုံ) ဦးစိုင်းသက်နိုင်က လူငယ်များအတွက် စကားလက်ဆောင်ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ကျောင်းသူလေများသည် ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ပြခန်း၊ စာအုပ်စာစောင်များ၊ ဓာတ်ပုံပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးပြခန်းတို့အား စိတ်ဝင်တစားလေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ