သထုံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအသိပညာပေးနှင့် လောင်းကစားကင်းစင်ပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

သထုံ        ဇူလိုင်       ၁၇

မွန်ပြည်နယ်၊ သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ရှိသူများပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေးနှင့် လောင်းကစားကင်းစင်ပပျောက်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းတို့ကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် အမှတ်(၆၂) မူးယစ်တပ်ဖွဲ့စု(သထုံ)မှ ရဲမှူးတင်ကိုကိုက မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မိုးက အွန်လိုင်းလောင်းကစားခြင်း၏ ဆိုးကျိုးများ၊ လောင်းကစား ပြုလုပ်ခြင်းကြောင့် ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အမှတ်(၇၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(သထုံ)မှ ဒုရဲအုပ်မြတ်သူရက ယာဉ်အန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို ဆွေးနွေးဟောပြောကြပြီး ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲသို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေဝါလှိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်