၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဇူလိုင် ၁၇

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဘက်စုံသုံးအားကစားခန်းမတွင်  ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ တိုင်းဒေသကြီး ဖူဆယ်ဆပ် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်း များမှအုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် မင်္ဂလာဒုံခရိုင် အသင်းနှင့် ဒဂုံမြို့သစ်ခရိုင်အသင်းတို့၏ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ  ပြိုင်ပွဲတွင် ပွဲစဉ်တစ်လျှောက် တာဝန်ယူခဲ့သည့် ဒိုင်ကြီးကြပ်နှင့် ဒိုင်လူကြီးများ၊ အကောင်းဆုံး အားကစားသမားဆုရရှိသည့် ဒဂုံမြို့သစ်ခရိုင်အသင်းမှ ကျောနံပါတ်(၉) အောင်ထွန်းမင်း၊ အကောင်းဆုံး ဂိုးသမား အားကစားသမားဆုရရှိသည့် မင်္ဂလာဒုံခရိုင် အသင်းမှ ကျောနံပါတ်(၁) ထက်အောင်လင်း၊ တတိယဆုရရှိသည့် ကမာရွတ်ခရိုင်အသင်းနှင့် ဒုတိယဆု ရရှိသည့် မင်္ဂလာဒုံခရိုင်အသင်းတို့အား တာဝန်ရှိသူများက ဆုကလပ်များ၊  တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

ယင်းနောက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဒဂုံမြို့သစ်ခရိုင်အသင်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားတို့ကို ပေးအပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို (၁၄) သင်း အားကစားသမား(၁၉၆)ဦးဖြင့် ဇူလိုင်လ(၁၁)ရက်နေ့မှ ဇူလိုင်လ(၁၇)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)