မိုးညှင်း ဇူလိုင် ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်အမှိုက်များကို ယမန်နေ့နံနက်ပိုင်းက စုပေါင်းအမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်းဦးဆောင်၍ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ကျေးရွာစီမံကိန်းကော်မတီဝင်များစုပေါင်းပြီး ရွာလမ်းမကြီးတစ်လျှောက် လမ်းဘေး ဝဲယာရှိ စွန့်ပစ်အမှိုက်များနှင့် နေအိမ်များအတွင်းရှိ အမှိုက်သရိုက်များကို စုပေါင်း ကောက်ယူကြကာသတ်မှတ်ထားသည့် ကျေးရွာအမှိုက်ကန်တွင် စွန့်ပစ်ကြပြီးနောက် မီးရှို့ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟဲလုံခေတ်မီစံပြကျေးရွာ၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင်လည်း ခေတ်မီစံပြကျေးရွာ အင်္ဂါရပ်နှင့် အညီ ကျေးရွာသန့်ရှင်း သာယာလှပစေရေးအတွက် ကျေးရွာသူ/ သားများမှ စုပေါင်းအမှိုက် ကောက်ခြင်းကို အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း