ချမ်းမြသာစည်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁၇

အခြေခံပညာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးဗဟိုအသင်း (AEDA-Mdy) တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၁၇ ရက်​နေ့ နံနက်၁၀ နာရီက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် သူရိန်နန်းကိုယ်ပိုင်အလယ် တန်းကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ သူရိန်နန်းကိုယ်ပိုင်အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးတင်မောင်က အဖွင့်အမှာစကား ပြောကြားပြီး (AEDA - MDY) ဗဟိုအသင်းဥက္ကဋ္ဌဦးဝင်းမြင့်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် အမှုဆောင်ဒေါ်သင်းသင်းဦးက မူးယစ်ဆေးဝါးသမိုင်းကြောင်း၊  အတွင်းရေးမှူး ဦးမြင့်သန်းက အရက်ကွမ်းဆေးဥပပေး၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် များအကြောင်းနှင့် တွဲဖက်အတွင်းရေးမှူးဦးသန့်ဇင်ဦးက လူငယ်နှင့်စိတ်ကြွဆေးအန္တရာယ်များအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား/သူများကို ဒေါ်ခင်မေပိုင်က ​မေးခွန်းများမေမြန်းရာ မှန်ကန်စွာဖြေဆိုခဲ့သည့် ကျောင်းသား/သူများအား ဆုများအသီးသီး​ပေးအပ်ချီးမြှင့်ပြီး မူးယစ်ဆေးဝါးမသုံးစွဲစေရေးအတွက် သန္နိဌာန်ရွတ်ဆိုကြသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေးဗဟိုအသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သူရိန်နန်းကိုယ်ပိုင်အလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးတင်မောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ ၁၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)