ပျော်ဘွယ် ဇူလိုင် ၁၇
ရမည်းသင်းခရိုင်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ ပျော်ဘွယ်မြို့နယ်အတွင်းရှိ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ အကြို အခြေခံမီးသတ်ပညာသင်တန်း(၁/၂၀၂၆)အား ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီက အမှတ်(၈)အထည်စက်ရုံ(ပျော်ဘွယ်)၌ ကျင်းပသည်။
ဦးစွာ အမှတ်(၈)အထည်စက်ရုံမှ စက်ရုံမှူး ဦးသန့်စင်အောင်က အကြိုအခြေခံမီးသတ်ပညာသင်တန်း တက်ရောက်ခဲ့သူများရှိလာပြီဖြစ်ခြင်းကြောင့် စက်ရုံအတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက် လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး အကျိုးရှိစွာအသုံးချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဆန်းက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက စက်ရုံမှူးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြောင်း၊ အကြိုအခြေခံ မီးသတ်ပညာသင်တန်းသို့ တက်ရောက်ခဲ့သည့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ရေပိုက်များနှင့် မီးငြိမ်းသတ်ရေးကိရိယာများအသုံးပြု၍ မီးငြိမ်းသတ်ရေးနည်းလမ်းများကို လက်တွေ့လေ့ကျင့်သရုပ်ပြသခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)