ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Center)အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်သည်။

စွမ်းရည်မြှင့်တင်ပြိုင်ပွဲများတွင် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စိတ်ကြိုက်ပန်းချီ၊ ဝင်္ကဘာပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာဥာဏ်စမ်းပြိုင်ပွဲနှင့် စာအုပ်ခေါင်းရွက်ပြိုင်ပွဲများ ပါဝင်ခဲ့ပြီး အမှတ်(၅)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၆ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်သူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)