တံတား ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်ဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက တံတားမြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် တံတားမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသား၊ ကျောင်းသူများအား ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ကောင်းစွာသိရှိနားလည်စေရန်၊ ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အမြဲအောက်မေ့ သတိရစေရန်၊ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်နှင့် နိုင်ငံတော်အတွက် အသက်ပေးလှူ သွားခဲ့ကြသည့် အာဇာနည်ကိုးဦး၏ သမိုင်းဝင်ဖြစ်ရပ်များ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်များကို အတုယူလေးစားတတ်စေရန်၊ နောင်တစ်ခေတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မျိုးချစ်စိတ်ဓာတ်နှင့် ဇွဲ၊ လုံ့လ၊ဝီရိယတို့ကို အတုယူကာ မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တတ်စေရန်၊ အတုယူနိုင်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ သမိုင်းဝင်ဓာတ်ပုံများ၊ စာအုပ်စာစောင် များကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု ငှားရမ်းခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)