ကွတ်ခိုင်နယ်အတွင်းရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ချပြရှင်းလင်းဆွေးနွေး

ကွတ်ခိုင် ဇန်နဝါရီ ၂၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပြန်လည် ရွေးချယ်နိုင်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ ချပြရှင်းလင်းဆွေးနွေးခြင်းကို ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၏ မူဝါဒများ၊ ရွေးချယ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်အချိန်ဇယား (Time Frame) အတိုင်း အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က ရှင်းလင်းပြောကြားခဲ့သည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အသစ်ပြဋ္ဌာန်းလိုက်သည့်နည်းဥပဒေအရ ပြုလုပ်ရမည်ဖြစ်ရာ နည်းဥပဒေသစ်အရ ပြောင်းလဲသွားသည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိနိုင်ရေး ရပ်ကွက်များအလိုက် အသိပညာပေး ဟောပြောပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး မဲပေးခွင့်ရမည့် အိမ်ထောင်စု ကိုယ်စားလှယ်များ စာရင်းကို လည်း သတ်မှတ်ချိန်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံကောက်ယူမည်ဖြစ်သည်။

အသစ်ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး နည်းဥပဒေသစ်အရ ရပ်ကွက်/ ကျေးရွာအတွင်း နေထိုင်သည့် အိမ်ထောင်စုများမှ သန်းခေါင်စာရင်းရှိ အိမ်ထောင်စုများကသာ မဲပေးရွေးချယ်ခွင့်ရမည်ဖြစ်သည့်အပြင် သန်းခေါင်စာရင်းရှိ အိမ်ထောင်စုတစ်စုစီမှ အိမ်ထောင်စု ကိုယ်စားလှယ်တစ်ဦးစီကသာ မဲပေးခွင့်ရမည်ဖြစ်ပြီး အိမ်ထောင်စု ကိုယ်စားလှယ်အဖြစ် အမည်စာရင်းပေးထားသူမှလွဲ၍ အခြားသူများ လာရောက်မဲပေးခွင့် မရှိကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)