ရွှေပြည်သာ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကိုယနေ့ နံနက်(၁၀)နာရီက အမှတ် (၉) ရပ်ကွက်ရှိ အမှတ်(၇) ၊အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ ဆောင်ရွက်သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာစိုးက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မေမွန်ထွဋ်က လူငယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသားလူငယ်များ ကောင်းမွန် မှန်ကန်သော အတွေးအခေါ်များနှင့် ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ဘဝအတွက်အကျိုးပြုသည့် စာပေများကိုဖတ်ရှုရန် ပြောကြားကာ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးဆန်းထွန်း(စာရေးဆရာ စိုးမြင့်လွင်(ရွှေဘို)က" အာဇာနည်နေ့အကြောင်း သိကောင်းစရာ " ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ ထားသည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)