ချမ်းအေးသာစံ ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန (မန္တလေး)ရုံးသို့သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မိုရ်စိုး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေး)ရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကျော်သန်းဌေးနှင့် တာဝန်ရှိသူများက အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်လုပ်ငန်းများ လျှောက်ထားရာတွင် လိုအပ်ချက်၊ စိစစ်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး၊မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်များ၊ MSMEလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိရာ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်ခွင့် လျှောက်ထားရာတွင် ပြည်သူလူထု၏ကျန်းမာရေးကို ကာကွယ်ရန်နှင့် အထောက်အကူဖြစ်စေရန် FDA ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းရှင်များမှ လျှောက်ထားရာတွင် မန္တလေး FDA ရုံးမှ လုပ်ငန်းအမျိုးအစားများပေါ်မူတည်၍ ခွင့်ပြုချက်များ စိစစ်ထုတ်ပေးရာ၌ အချိန်ကြန့်ကြာမှုမရှိ အဆင်ပြေချောမွေ့စွာဖြင့် ဆောင်ရွက်ပေးသွားရေး၊ ထုတ်လုပ်မှု၊ဖြန့်ဖြူး၊ရောင်းချသူများကိုလည်း သိရှိလိုက်နာရမည့်အချက်များ၊ လျှောက်ထားရာတွင် လိုအပ်ချက်နှင့် စိစစ်မှုလုပ်ငန်းစဉ်များကို ပိုမိုကျယ်ပြန့် စွာသိရှိလာအောင်ဆောင်ရွက်သွားရေးနှင့် နိုင်ငံတော်မှချမှတ်ထားသည့်မူဝါဒများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဝိုင်းဝန်း ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး)ရုံးရှိ ခေတ်မီဓာတ်ခွဲခန်းများတွင် အစားအသောက် နှင့် ဆေးဝါးများအား ဓာတ်ခွဲစစ်ဆေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ အလှကုန်နှင့်ပတ်သက်၍ ပြည်တွင်းထုတ်လုပ်ခွင့် လျှောက်ထားလိုပါက Online E-submission system ဖြင့် www.fda.gov.mm မှ တဆင့်လျှောက်ထားနိုင်ကြောင်းနှင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၃၅လမ်း၊ ၆၄လမ်း နှင့် ၆၆လမ်းကြားရှိ မန္တလေး FDA ရုံးခွဲတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)