မန္တလေးတိုင်းဒေသကြီး ၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ (ပထမအကြိမ်)လုပ်ငန်းညှိနှိုင်း

ချမ်းအေးသာစံ  ဇူလိုင် ၁၇

၂၀၂၆ ခုနှစ်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ၏ (ပထမအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေး၌  (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က  တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပပြီး အရည်အချင်းပြည့်မီသူများကို ဗဟိုအဆင့်ပြိုင်ပွဲများတွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဘာသာရပ်အလိုက် ပြိုင်ပွဲဝင်ရွက်ပုန်းသီးအနုပညာရှင်များကို ရှာဖွေဖော်ထုတ်၍ပြိုင်ပွဲဝင်နိုင်ရေး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယခင်နှစ်ကမန္တလေးငလျင်ကြီးကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကြားမှ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်သွားနိုင်ခဲ့ရာ ထိုက်သင့်သည့်ဆုများလည်းရရှိခဲ့ပါကြောင်း၊ ယခုနှစ်တွင် ယခင်ထက်ပိုမိုတိုးတက်ရရှိအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Video Conferencing ဖြင့် တက်ရောက်သည့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ဒုတိယပတ်တွင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)