မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြော

မြောက်ဥက္ကလာပ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၉)အခြေခံပညာအလယ်တန်းကျောင်းထ(ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ် (‌‌‌‌၉)အခြေခံပညာအလယ်တန်းကျောင်းထ(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဉ္ဇာလှိုင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒေါ်မြမြဝင်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်‌တင်နိုင်‌ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများတိုးပွားလာစေခြင်း အကျိုးကျေးဇူးများ ရရှိစေခြင်း၊ စာအုပ်စာပေများကို နေ့စဉ်‌ဖတ်ရှုလေ့‌လာကြရန်လိုအပ်ကြောင်း စသည့် အသိပညာဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က (၇၉)နှစ် မြောက်အာဇာနည်နေ့အကြောင်းအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့သည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်ဗီနိုင်း၊ ပိုစတာများ၊ သုတ ရသ စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)