ငါန်းဇွန်မြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထယ်ထိုး မြေမြှပ်ခြင်း ကွင်းသရုပ်ပြ

ငါန်းဇွန် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် (၉၁၅/၁၅၄၈)ရှိ တောင်သူ ဦးကြည်တင်၏ လယ်မြေ (၇) ဧကတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာစေရေးအတွက် သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး၊ ထယ်ထိုး၊ မြေမြှပ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုး၊ ထယ်ထိုး၊ မြေမြှပ်ခြင်းကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေမျိုးထက်က ကွင်းသရုပ်ပြပွဲသို့ တက်ရောက်လာသူများအား ရှင်းလင်းဆွေးနွေးရာ သစ်စိမ်းမြေဩဇာ စိုက်ပျိုးရခြင်း၏ ရည်ရွယ်ချက်များ၊ ပိုက်ဆံလျှော်အား သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုး ခြင်းမှ ရရှိနိုင်မည့် အကျိုးကျေးဇူးများဖြစ်သော မိုးရေနှင့်အတူ အပေါ်ယံမြေလွှာ တိုက်စားပြီး အဟာရဓာတ် ဆုံးရှုံးခြင်းမှ ကာကွယ်ခြင်း၊ ပေါင်းပင်ပေါက်ရောက်မှုကို နည်းပါးစေခြင်း၊ အပင်သက်တမ်းအလိုက် ထယ်ထိုး၊ မြေမြှပ်ခြင်းမှ ရရှိလာမည့် အာဟာရဓာတ်များကြောင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများ တိုးတက်လာခြင်း၊ သစ်ဆွေးဓာတ်များရရှိခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုသက်ရှိများ၊ ပွားများစေနိုင်ခြင်းနှင့် လေထဲမှ နိုင်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာအတွင်း နိုင်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးသည့်အတွက် မြေဆီလွှာအတွင်း နိုင်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးနိုင်ခြင်းနှင့် စိုက်ပျိုးရလွယ်ကူပြီး ကြီးမြန်အပင်ဖြစ်သည့်အတွက် တောင်သူများ ကျယ်ပြန့်စွာ စိုက်ပျိုးစေခြင်းဖြင့် မိမိတို့၏ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများ တိုးတက်အောင်မြင်လာမည်ဖြစ်ကြောင်း စသည့်အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး စိုက်ပျိုးထားသော သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ခင်းအား ထယ်ထိုးမြေမြှပ်ခြင်း  ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုး၊ ထယ်ထိုး၊ မြေမြှပ်ခြင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)