မိုင်းယောင်း ဇူလိုင် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းပေါ်သိန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဟောင်ကြန့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေး၊ ရပ်မိရပ်ဖများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အ.ထ.က(မိုင်းယောင်း)နှင့် အ.ထ.က(စက်၊စိုက်၊မွေး)ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၁၁၀ ဦး တက်ရောက်သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းပေါ်သိန်းတို့က အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး သင်ထောက်ကူပစ္စည်းများ၊ ကျန်းမာရေးအတွက် ဆေးဝါးများနှင့် အာဟာရကျွေးမွေးခြင်းတို့အတွက် ငွေကျပ် သိန်း ၁၁၀ ပေးအပ်သည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းပေါ်သိန်းက စာအုပ်နှင့်ဘောပင်တို့ပေးအပ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်တာဝန်ရှိသူများက ကျောင်းအသုံးအဆောင်ပစ္စည်းများနှင့် ကျန်းမာရေးအတွက်ဆေးဝါးများနှင့် မီတာခငွေကျပ် ခြောက်သိန်းတို့ကို အသီးသီးပေးအပ်ကြကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း