စဉ့်ကိုင် ဇူလိုင် ၁၇
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် မြတ်စေတနာကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇူလိုင်လ ၁၇ ရက်နေ့ ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
လူငယ်စကားဝိုင်းတွင် မြတ်စေတနာကိုယ်ပိုင်အထက်တန်းကျောင်းမှ စီမံအုပ်ချုပ်သူ ဆရာမ ဒေါ်လှိုင်းဝင်းအိက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုတတ်စေရန်၊ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့်အတွေးအခေါ်များကို ရရှိစေရန်၊ လူငယ်များအသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတက်စေရေးတို့ကို ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းကိုကျင်းပပြုလုပ်ရကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး မြတ်စေတနာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မဒွန်းလတ်စံက ကျောင်းသားနှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသား မောင်ဘုန်းမြတ်နိုင်က အင်တာနက်အသုံးပြုခြင်း၏ အကျိုးအပြစ်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 ကျောင်းသူ မအိမ့်မှူးသွယ်က မြန်မာ့ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 8 ကျောင်းသား မောင်ခန့်ဖြိုးဟိန်းက ကျောင်းသားနှင့် မူးယစ်ဆေးဝါး စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးခဲ့သည့်အကြောင်းအရာများအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့သည်။
၎င်းနောက် ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမ ဒေါ်အိမ့်မှူးခင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ စကားဝိုင်းအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ကျောင်းတန်းအတွင်း ပြသထားသော အသိပညာဗဟုသုစုံလင်သည့် သုတ/ရသ စာအုပ်စာစောင်များအား စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)