ကျောက်မဲမြို့၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း(အ.လ.ကခွဲ)၌ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID လုပ်ငန်းများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

​ကျောက်မဲ ဇူလိုင် ၁၇

​ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် ဝန်ထမ်းများသည် ရက်(၁၀၀)"လမင်း" စီမံချက်အရယနေ့တွင် ရပ်ကွက်(၇)ရှိ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း(အ.လ.ကခွဲ)၌ ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းနှင့် Biometric (UID) ဇီဝအချက်အလက် ကောက်ယူခြင်းလုပ်ငန်းများကို နေ့ချင်းပြီးဝန်ဆောင်မှုအဖြစ် ကွင်ဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုများကို ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်ဦးစီးမှူး ဦးမင်းသူနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးတို့က လာရောက်ကြည့်ရှုအားပေးပြီးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကာ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားပြုလုပ်ပြီးစီးသည့် ကျောင်းသား၊ကျောင်းသူအချို့အား လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် စကားပြောကြားခဲ့သည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် အမှတ်(၅)အခြေခံပညာမူလတန်းကျောင်း(အ.လ.ကခွဲ)မှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြား ပြုလုပ်မည့် ကျောင်းသား ၄၁ ဦးနှင့် ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၅၉ ဦးတို့အား နေ့ချင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

​ခရိုင်(ပြန်/ဆက်)