ကျောက်ပန်းတောင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အိမ်တွင်းမှုအတတ်ပညာ ပန်းအလှထိုးပြိုင်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ အိမ်တွင်းမှုအတတ်ပညာလုပ်ငန်း ဆောင်ရွက်မှုအဖြစ် ပန်းအလှထိုးပြိုင်ပွဲကို ဇူလိုင် ၁၇ ရက်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ တန်းစီကွင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ဖတ်ကြား ရှင်းလင်းသည်။ ယင်းနောက် တစ်ဖွဲလျှင် ၅ ဦးစီပါဝင်သည့် ပြိုင်ပွဲဝင် Grade-7၊ Grade-8၊ Grade-9၊ Grade-10 ကျောင်းသူလေးများက အဖွဲ့အလိုက် နေရာယူကြပြီး ပြိုင်ပွဲကို စတင်ကျင်းပသည်။

အဆိုပါ ပြိုင်ပွဲတွင် အမှတ်ပေး စည်းမျဉ်များအဖြစ် သပ်ရပ်လှပ တူညီဝတ်စုံဝတ်ဆင်ခြင်း၊ ရွေးချယ်ထားသော ပန်းအမျိုးအစားတွင် အရွယ်အစားတူညီခြင်း၊ ပန်းအရောင်များကို မျက်စိပသာဒရှိအောင် တွဲစပ်နိုင်ခြင်း၊ ပန်းထိုး အစိတ်အကျဲ ညီမျှခြင်း၊ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းပြီးစီးပါက စွန့်ပစ်အမှိုက်များ စနစ်တကျ ထုတ်ပိုးသိမ်းဆည်းခြင်း အစရှိသည်တို့ ပါဝင်ပြီး အဖွဲ့အလိုက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေရန်နှင့် အလုပ်တာဝန် ခွဲဝေဆောင်ရွက်တတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပြောသည်။ ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများကို မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ပန်းအလှထိုးပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ခင်နွယ်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဒေါ်ခိုင်မိုးထွေး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသူများနှင့် Grade-7၊ Grade-8၊ Grade-9၊ Grade-10 ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)