အောင်မြေသာစံ ဇူလိုင် ၁၇
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်မြေသာစံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ် (Tax Awareness Campaign) အရ အခွန်ဆိုင်ရာဟောပြောပွဲအခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ နဝဒေးခန်းမ၌ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ (ခ) ဦးကျော်ဆန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မင်းခိုင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီခိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခန့်သွင်၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူအောင်နှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူသင်းနှင့် ဆရာမများ၊ ကျောင်းသူများ၊ စုစုပေါင်း ၃၀၀ ဦးခန့်တက်ရောက်ကြသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်မင်းခိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူအောင်က အခွန်ဆိုင်ရာ အသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေးအတွက် လူထူလှုပ်ရှားမှုအစီအစဉ် လုပ်ငန်းစီမံချက်၏ရည်ရွယ်ချက်များ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသည့် အခွန်အမျိုးအစားများနှင့် အခွန်အကြောင်းသိကောင်းစရာများကို ဆရာ၊ ဆရာမများ၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများအား အသေးစိတ်ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ကျောင်းသူများအား အခွန်ဆိုင်ရာ အမေးအဖြေဉာဏ်စမ်းမေးခွန်းများ မေးမြန်းခြင်း၊ ကျောင်းသူများက ပြန်လည်ဖြေကြားကြခြင်းနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)