ပျော်ဘွယ်မြို့၊ အ.လ.က(ကျောက်တိုင်)၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော

ပျော်ဘွယ် ဇူလိုင် ၁၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း (ကျောက်တိုင်)တို့ ပူးပေါင်း၍ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၇ ရက်၊ နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို သိရှိစေရေး၊ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့မှု သမိုင်းမှတ်တမ်းများအား သိရှိစေရေး၊ မိမိတို့ကိုယ်တိုင် နိုင်ငံအတွက် အားကိုးထိုက်သူများ ဖြစ်လာစေရန် ကြိုးစားအားထုတ်စေရေးတို့ကို ရှင်းလင်းဟောပြောသည်။

ဆက်လက်၍ အထိမ်းအမှတ်နေ့များအလိုက် ကျင်းပပြုလုပ်သည့် မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အလေ့အကျင့်များရရှိစေရန်အတွက် မူလတန်းအဆင့် ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အသိဉာဏ်ပညာတိုးပွားစေရန်အတွက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)