ဆိပ်ကြီးခနောင်တို ဇူလိုင် ၁၇
ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်သည့်အချိန်၌ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဆိပ်ကြီးနှင့် ကီလီ (ဝါးတန်းဆိပ်ကမ်း) သို့ ပြေးဆွဲမောင်းနှင်လျက်ရှိသည့် ရွှေရန်ကုန်စက်တပ်ရေယာဉ် (သမ္ဗန်) ဂိတ်တွင် ရေယာဉ်စီးခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိစေရေး ကူညီစောင့်ရှောက်ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရေတက်ချိန်စက်တပ်ရေယာဉ် (သမ္ဗန်) စီးခရီးသည်များ ရေယာဉ်/ အတက်အဆင်းပြုလုပ်ရာတွင် အန္တရာယ်ကင်းရှင်းရေး၊ စက်တပ်သမ္ဗန်များ ဆိပ်ကမ်းသို့အန္တရာယ်ကင်းစွာ စနစ်တကျမောင်းနှင် ဆိုက်ကပ်နိုင်ရေး၊ ရေစီးသန်မှုကြောင့် ရေယာဉ်တစ်စီးနှင့် တစ်စီးအန္တရာယ်မဖြစ်ပေါ်စေရေး စောင့်ကြည့်၍ ကူညီစောင့်ရှောက်မှုပေးလျက်ရှိသည်။
အဆိုပါရွှေရန်ကုန်စက်တပ်သမ္ဗန်လိုင်းတွင် လတ်တလော၌ သမ္ဗန်အကြီး၁၀၈ စီး၊ အသေး ၆၂ စီးဖြင့် နေ့စဉ်ရန်ကုန်မြို့ထဲသို့ အလုပ်လုပ်ရန်သွားသည့် ခရီးသွားပြည်သူ ခြောက်ထောင်ကျော်ခန့်ရှိသောကြောင့် ယခုကဲ့သို့ မြစ်ရေတက်ချိန် ခရီးသည်များ အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးကူညီစောင့်ရှောက်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)