ဟိုမိန်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် နေသည့်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်မှ ပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က မြို့ပေါ်သုံးရပ်ကွက်နှင့် ကျေးရွာအုပ်စု သုံးအုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ဟိုမိန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဟိုမိန်းမြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)အုပ်စုအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု(၁၉၀)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀,၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃,၈၀၀,၀၀၀)ကျပ်အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)