ဒက္ခိဏ ဇူလိုင် ၁၇
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စိုက်ကြပ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများနှင့်အတူ ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၇၂)ကွင်းအတွင်းရှိ တောင်သူ ဦးဇော်ဇော်၏ လယ်မြေ၌ အောင်နိုင်တိုး(နွေစပါး) စံကွက်ရိတ်သိမ်းနေမှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး ထွန်ယက်နေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုအားပေးသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင်က တာဝန်ရှိသူများအား စပါးအထွက်နှုန်းရရှိစေရေး မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာ ဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကောင်းမွန်အောင်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သျှင်ဦးမောင်(ဒက္ခိဏ)