ဒက္ခိဏသီရိမြို့နယ်၌ လူငယ်စကားဝိုင်း ကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ Diamond Stars ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူလူငယ်မောင်မယ်များ ဗဟုသုတအမြော်အမြင်တိုးပွားစေရန်နှင့် နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ကို ယမန်နေ့က အဆိုပါကျောင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့်တာဝန်ရှိသူများ၊ Diamond Stars ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူများ၊ ဒုတိယကျောင်းအုပ်ကြီး ဦးစိုးနိုင်၊ ဆရာ/ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက အမှာစကားပြောကြားရာတွင် စာပေမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ ရရှိသည့်ဗဟုသုတများကို ပြန်လည်မျှဝေပေးနိုင်ရန်၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နှုတ်မှုစွမ်းရည်များတိုးတက်ပြီး ပရိသတ်ရှေ့တွင် ပြောရဲ၊ ဆိုရဲ၊ ဆွေးနွေးရဲသည့် သတ္တိများရှိလာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ ကျောင်းသား/ကျောင်းသူလူငယ်များအ‌နေဖြင့် စာကောင်းပေမွန်များကို ရွေးချယ်လေ့လာဖတ်ရှုကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အတွေးအခေါ် အယူအဆအသိအမြင်များမှန်ကန်စေရေး၊ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေးစသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာမှာ လွန်စွာထိရောက်ကောင်းမွန်သည့် ဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ဖြစ်ပြီး ယနေ့လူငယ်များသည်ဗလငါးတန်နှင့်ပြည့်စုံ၍ အရည်အချင်းကောင်းများရရှိ‌စေရေး အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ဒုတိယကျောင်းအုပ်ဆရာကြီးက အမှာစကားပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေးနှင့်အတူ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာပေစသည့်ခေါင်းစဉ်အောက်မှ အကြောင်းအရာများကို မိမိတို့အတွေးအမြင်များဖြင့်အပြန်အလှန် ကျယ်ကျယ်ပြန့်ပြန့်အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် ဒက္ခိဏခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သျှင်ဦးမောင်(ဒက္ခိဏ)