ချမ်းမြသာစည်မြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများ ကျင်းပ

ချမ်းမြသာစည် ဇူလိုင် ၁၇

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်​လေးများ အာဇာနည်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားများကို သတိရအောက်မေ့ စေရန်ရည်ရွယ်၍  အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီခွဲက မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်က အာဇာနည်နေ့ပေါ်ပေါက်လာပုံ သမိုင်းကြောင်းနှင့် မျိုးချစ်စိတ်ဓာတ်၊ ရိုးသားဖြောင့်မတ်မှု၊ စည်းကမ်းရှိမှုနှင့် တိုင်းပြည်အပေါ်ထားရှိသည့် အနစ်နာခံ စိတ်ဓာတ်များကို လူငယ်များ အတုယူနိုင်စေရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ အခြေခံပန်းချီရေးဆွဲနည်းပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက ပျော်ရွှင်စွာဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆရာ၊ ဆရာမများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသော အာဇာနည်နေ့အထိမ်း အမှတ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်စေရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)