ညောင်ဦးမြို့ စာသင်တိုက်များတွင် ပရိယတ္တိစာပေများ သင်ကြားလျက်ရှိသည့် ရဟန်း၊ သာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်၊ ပဲနီပြား၊မြေပဲဆီလောင်းလှူနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်ဦး ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ပရိယတ္တိစာပေများသင်ကြားလျက်ရှိသည့် စာသင်သား၊ ရဟန်းဦသာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဆွမ်းဆန်၊ ပဲနီပြား၊ မြေပဲဆီလောင်းလှူနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ညောင်ဦးစီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက စာသင်သား၊ ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဇူလိုင် ၂၉ ရက်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ)နေ့တွင် ဆွမ်း၊ ပဲနီပြား၊ မြေပဲဆီသန့်များလောင်းလှူနိုင်ရေး လျားထားချက်များနှင့် ၂၀၂၅ ခုနှစ်၊ ဝါဆိုလပြည့်နေ့က လောင်းလှူခဲ့သည့် မှတ်တမ်းများအား ရှင်းလင်းအမှာစကားပြောကြားသည်။ ထို့နောက် အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ သံဃာတော်များပင့် ဖိတ်ကြိုဆိုရေး၊ လူပုဂ္ဂိုလ်များ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်ခိုင်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးစံထွေးမောင်၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်နီလာမြင့်၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန္တာဆွေ၊ ပြန်ကြာရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာချိုနှင့် လုံခြုံရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယရဲမှူးကြီးအေးမင်းစိုးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး တင်ပြဆွေးနွေးကြရာ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုကလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၉ ရက်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ရွှေစည်းခုံစေတီတော်ဝန်းအတွင်း ဝေဇယန္တာ ဓမ္မဗိမာန်တော်ကြီး၌ မဟာဝိသုတာရာမတိုက်သစ်၊ ဇေယျဝတီစာသင်တိုက်၊ အလိုတော် ပြည့်စာသင်တိုက်၊ ကျန်စစ်သားဥမင်စာသင်တိုက်၊ ဣသိပညာဒေဝဂုရုစာသင်တိုက်၊ လောကနန္ဒာစာသင်တိုက်၊ မဟာဝသုတာရုံတိုက်သစ်(စဉ့်ကူ)၊ မြတ်ပါရမီသီလရှင်စာသင်တိုက်၊ သာသနာ့ရောင်ခြည်စာသင်တိုက်မှ စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင် ၆၉၃ ပါးတို့အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်စိမ်း၊ ပဲနီပြားနှင့်မြေပဲဆီသန့်များ လောင်းလှူ သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း