ကျိုက်ထို ဇူလိုင် ၁၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် လူငယ်/လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ် ဆရာမကြီးဒေါ်သူဇာသန်းနှင့် စာပေချစ်သူများ အသင်းအဖွဲ့ဝင် ဦးတင်ထွေးတို့က အမှာစကားပြောကြားကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က လူငယ်စကားဝိုင်းပြုလုပ်ပေးရသည့် ရည်ရွယ်ချက်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့် ပြည့်စုံရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး အသိဉာဏ်ဖွံ့ဖြိုးသူများဖြစ်စေရန်ပြင်ပစာအုပ်၊ စာပေတို့ကို လေ့လာခြင်းဖြင့် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာရေးတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အထက(၁)ကျောင်း Grade (12)မှ မသျှင်သျှီသျှိုင်း ၊Grade(11)မှ မောင်သိန်းဝေယံ၊ မဝေဖူးနိုင်၊ မရွှေရည်ဝင်းတို့က “အကျင့်စာရိတ္တကောင်းသော လူငယ်နှင့်တောက်ပသောအနာဂတ်”၊ “လူငယ်များအတွက် အောင်မြင်မှုဆီသို့နှင့် ဆုံးရှုံးမှုတိုင်းဟာ အရှုံးမဟုတ်ဘူး”၊ “နောင်တရမှာမကြောက်ပါနဲ့”၊ “လူငယ်များရဲ့ ရွှေရောင်မနက်ဖြန်” စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များတို့ကို ကျယ်ကျယ်ပြန့်ပြန့်မျှဝေ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းပါဝင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးလှထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)