သထုံ ဇူလိုင် ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေ မြင့်တက်လာမှုကြောင့် ရေဘေးလွတ်ရာ ယာယီရှောင်တိမ်းနေထိုင်ကြသည့် ဒူးရင်းဆိပ်ကျေးရွာအနိမ့်ပိုင်းမှ ရေဘေးရှောင်ပြည်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ရာတွင် သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှူး ဒေါ်နှင်းသီတာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများကို တွေ့ဆုံအားပေးစကားများ ပြောကြားကာ ယာယီရေဘေးရှောင်စခန်းနှစ်ခုဖြစ်သည့် ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်းတို့မှ အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၃၈ ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၁၁၉၀၀၀၀) ကျပ်ကို ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေမြင့်တက်ကာ ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာသောကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က စတင်၍ ရေလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့ကြရာ ယနေ့ နံနက်အထိ ရွာလယ်ဓမ္မာရုံ၌ အိမ်ထောင်စု (၂၂) စုမှ လူဦးရေပေါင်း (၈၆) ဦး တပ်ဦးဘုန်း တော်ကြီးကျောင်း၌ အိမ်ထောင်စု (၃၅) စုမှ လူဦးရေ (၁၅၂) ဦးတို့ကို တာဝန်ရှိသူတို့က ပြောင်းရွှေ့နေရာချထားပေးခဲ့ကြပြီး ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လုံခြုံရေး၊ ကျန်းမာရေးအစရှိသည့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)