ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၉) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန်  ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၃၉) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက “စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်းများ၊ မူးယစ်ဆေးဝါးအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းအေးက အားကစားသင်တန်းများ ဝါသနာပါပြီး တက်ရောက်လိုသည့်  ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ခေါ်ခြင်း၊ အားကစား သင်တန်းများ တက်ရောက်ရာတွင် အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် ညနေ ၅ နာရီက စတင်၍  အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အားကစားနည်းများအကြောင်းကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထား‌သော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာ‌စောင်အား ပြသဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)