မော်လမြိုင် ဇူလိုင် ၁၇
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုသိပ္ပံ (မော်လမြိုင်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်သမ္မတမှဖွင့်လှစ်မည့် သူနာပြုသိပ္ပံ (နေပြည်တော်) Digital opening ဖွင့်ပွဲ အခမ်းအနားအား Virtual ဖြင့် တက်ရောက်ခဲ့သည်။
ထို့နောက် သူနာပြုသိပ္ပံ (မော်လမြိုင်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဦးစွာပြည်နယ်ဝန်ကြီးချုပ်က ယနေ့တွင် မွန်ပြည်နယ်သာမက တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေးကဏ္ဍအတွက်ပါ အလွန်ထူးခြားပြီး ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ကြောင်း၊ ယခင် သူနာပြုသားဖွားဒီပလိုမာအဆင့်မှ ယနေ့သူနာပြုသိပ္ပံအဆင့်သို့ တရားဝင်တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ပြီး ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ အရည်အသွေးပြည့်ဝသည့် သူနာပြုသားဖွားများ မွေးထုတ်ပေးနိုင်ရေးဟာ မရှိမဖြစ် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ သူနာပြုပညာရပ်ဆိုတာ လူသားတွေရဲ့ အသက်ခန္ဓာနှင့်ကျန်းမာရေးကို တိုက်ရိုက်ပြုစုစောင့်ရှောက်ရသည့် မြင့်မြတ်ပြီးမွန်မြတ်လှတဲ့ အတတ်ပညာဖြစ်၍ ယနေ့ဖွင့်လှစ်လိုက်တဲ့သူနာပြုသိပ္ပံ (မော်လမြိုင်) သည် နောင်အနာဂတ်တွင် ပြည်သူလူထုက အားကိုးရသည့်နိုင်ငံတကာ စံနှုန်းမီထူးချွန်ထက်မြက်သော သူနာပြုကောင်းများ စဉ်ဆက်မပြတ်မွေးထုတ်ပေးရာ အောင်မြေတစ်ခုဖြစ်ပါစေကြောင်းပြောကြားသည်။
ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က သူနာပြုသိပ္ပံ (မော်လမြိုင်) ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွေးနံသာရည်ပက်ဖျန်းပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အ.ထ.က (၆) ဘင်ခရာနှင့် ပန်းပွားအဖွဲ့အား ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ပြီး သူနာပြုသိပ္ပံ (မော်လမြိုင်) ရှိ Computer Room၊ Skill Lab၊ Library များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)