နေပြည်တော်၊ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ် “ထုံနာကျဉ်နာ” ခေါင်းစဉ်ဖြင့် CTME အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆေးကုသမှုအရည်အသွေးများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရန်အတွက်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် ထုံနာကျဉ်နာခေါင်းစဉ်ဖြင့် CTME အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဆရာ၊ဆရာမများ၊ အလုပ်သင်ဆရာ၊ဆရာမများ တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင် သဘာပတိ ဦးဝင်းမြင့်ဦး အမှာစကားပြောကြားပြီး နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမွန်(ပြင်ပလူနာဌာန)က "ထုံနာကျဉ်နာ" ရောဂါဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ တိုင်းရင်းဆေးကုထုံးများဖြင့် ကာကွယ်ကုသပုံများကို အသေးစိတ်စာတမ်းဖတ်ကြား ဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းရင်းဆေးပညာဦးစီးဌာနမှ အငြိမ်းစားဆရာကြီးများ၊ ဆရာ၊ဆရာမများနှင့် အလုပ်သင်ဆရာ၊ဆရာမများက မိမိတို့၏ လက်တွေ့ကုသမှု အတွေ့အကြုံများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဝိုင်းဝန်းနှီးနှောဖလှယ်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် စာတမ်းရှင်အတွက် ဂုဏ်ပြုဆုငွေများကို မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့်ဦးနှင့် နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီးမှ ဒုတိယဆေးရုံအုပ်ကြီး ဦးလှမော်တို့ကပေးအပ်ရာ စာတမ်းပြုစုသူ တိုင်းရင်းဆေးမှူး ဒေါ်အေးအေးမွန်က လက်ခံရယူခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)