ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း  လူငယ်ရေးရာဟောပြောပွဲသို့ တက်ရောက်အားပေး

နေပြည်တော် ဇူလိုင် ၁၇


မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက်က နေပြည်တော်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ဇာတိမာန်" သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အမှာစကားပြောကြားရာတွင် လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်က အားထားရမည့် ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း၊ ဗဟုသုတပြည့်စုံပြီး တွေးခေါ်မြော်မြင်မှု အားကောင်းစေရန် စာပေများကို စနစ်တကျလေ့လာဖတ်ရှုကြရမည်ဖြစ်ကြောင်းနှင့် မိမိတို့၏ အနာဂတ်ဘဝမြင့်မားရေးအတွက် ပညာရပ်များကို ဆုံးခန်းတိုင်သင်ယူကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများ ကာယဗလဖွံ့ဖြိုးရေးနှင့် အားကစားကဏ္ဍ အထောက်အကူပြုစေရန်အတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဗဟုသုတနှင့် ပြည့်စုံပြီး စည်းကမ်းကောင်းမွန်သည့် လူငယ်များဖြစ်လာစေရေး မိမိတို့ကောင်စီအနေဖြင့် ကဏ္ဍစုံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မိမိတို့၏ အချိန်ကို အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း ပြောကြားပြီး၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် လူငယ်ရေးရာကော်မတီမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား လူငယ်ရေးရာနှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


သျှင်ဦးမောင်(ဒက္ခိဏ)