ဒဂုံ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်း၊ အဖွဲ့ဝင် (၂) ဦးမျိုးမြင့်၊ အတွင်းရေးမှူး ရဲမှူးမျိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ငြိမ်းငြိမ်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူဟိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်းရှိ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဂိမ်းပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်းသားကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ကျောင်းစာကြည့်တိုက် နှင့် ကျောင်းကျန်းမာရေးပြခန်းတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်မြတ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သူဟိန်းက ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြပြီး ဒဂုံမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဒေဝ (စာရေးဆရာ မြတ်ကုမာရ)က စာဖတ်ခြင်း၏ "အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ဆု ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်း၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ စာရေးဆရာ မြတ်ကုမာရအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ အခမ်းအနား၌ သီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး စာရေးဆရာ မြတ်ကုမာရက ကိုယ်တိုင်ရေးသားထုတ်ဝေသည့် "အနာဂတ်အလင်း ရောင်လေညှင်းဆောင်" စာအုပ်ကို ကျောင်းစာကြည့်တိုက်သို့ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)