ပင်လောင်း ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာအုပ်စု မြေတိုင် ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်တက်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပ သည်။
ရှေးဦးစွာ မြေတိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဥူးအာလောက၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးတို့က ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ကျောင်းဆောင်သစ်အား ရေစက်ချတရားနာယူ မင်္ဂလာအခမ်းအနားကို ဆရာတော်၊ သံဃာတော်အရှင် သူမြတ်များနှင့် အလှူရှင်များ၊ တရားတော်နာ ပရိတ်သတ်တို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာသော အလှူ ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ရတနာသုံးပါးအား ဩကာသကန်တော့ချိုးဖြင့် ညီညာဖျဖျ ရှစ်ခိုးကန်တော့၍ မြသိန်းတန်ဆရာတော် ဘဒ္တန္ဒမင်္ဂလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် မြသိန်းတန်ဆရာတော် ဘဒ္တန္ဒမင်္ဂလက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါကျောင်းဆောင်သစ်ကို CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့်ဇနီး ဒေါ်ဝင့်ရည်အေး မိသားစုမှ လှူဒါန်းငွေကျပ် ၂၄၈,၉၉၅,၀၀၀ ကျပ်နှင့် ရပ်ဝေးရပ်နီး အလှူဒါယကာ၊ ဒါယိကာမများမှ လှူဒါန်းငွေ ၃၇,၉၂၀,၁၀၀ ကျပ်ဖြင့် စုပေါင်း ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောင်းဆောင်သစ်တက်ပွဲ မင်္ဂလာအခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ CB ဘဏ် ဥက္ကဋ္ဌနှင့် ဇနီး၊ ရပ်ဝေးရပ်နီး အလှူဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်